ဗဟုသုတ

မင္းတုန္းမင္းအတြက္ ဦးေခါင္းေပးလိုက္ရသူ

မင္းတုန္းမင္းလက္ထက္ အႀကီးက်ယ္ဆုံးအေရးအခင္းဟု ဆိုပါက ျမင္ကြင္း ျမင္းခုံတိုင္ နန္းတြင္းပုန္ကန္မႈကို ဆိုရပါလိမ့္မည္။ ထိုပုန္ကန္မႈတြင္ ျမန္မာနိုင္ငံအတြက္ အလြန္အားထားရသည့္ အိမ္ေရွ႕စံကေနာင္မင္းသားႀကီးႏွင့္ အတူ အျခားမႉးမတ္မ်ားစြာလည္း က်ဆုံးခဲ့သည္။ မင္းတုန္းမင္းႀကီးေတာင္မွ ကပ္သီေလး လြတ္ ေျမာက္ခဲ့ရတာျဖစ္သည္။

အိမ္ေရွ႕မင္းကိုလုပ္ႀကံၿပီးေနာက္ ျမင္ကြင္း ျမင္းခုန္တိုင္တို႔သည္ မင္းတုန္းမင္းႀကီးပါ လုပ္ႀကံရန္ ယာယီစံနန္းသို႔ ေရာက္ရွိလာခဲ့သည္။ ထိုအခါ အနားတြင္ ခစားလ်က္ရွိေသာ ကင္းဝန္မဟာ မင္းလွေဇယ်သူက “သားေတာ္ ျမင္ကြင္း ျမင္းခုန္တိုင္တို႔မွာ ရန္သူေတာ္မ်ားျဖစ္ေၾကာင္းပါ ဘုရား” ဟု ေလၽွာက္တင္ၿပီး ခမည္းေတာ္ကို လုပ္ႀကံရန္ေျပးဝင္ လာေသာ ျမင္းခုံတိုင္မင္းသားအား ေရွ႕မွဆီး၍ ဖက္ထားၿပီး ‘ခမည္းေတာ္ကို မႀကံစည္သင့္ပါဘုရား’ ဟု ေျပာဆိုေတာင္းပန္ေနခ်ိန္တြင္ မင္းတုန္းမင္းႀကီးမွာ ထြက္ေျပးလြတ္ ေျမာက္သြားခဲ့သည္။ မင္းလွေဇယ်သူမွာကား ထိုေနရာတြင္ပင္ သတ္ျဖတ္ခံလိုက္ရသည္။

ျမင္ကြင္းျမင္းခုန္တိုင္တို႔မွာ အႀကံအစည္ရွိၿပီးျဖစ္၍ မေတာ္တဆ ခမည္းေတာ္လြတ္ေျမာက္ခဲ့ပါက ထပ္မံလုပ္ႀကံနိုင္ရန္ စံနန္းေတာ္ပတ္လည္ေတြ ၎တို႔၏ လူယုံ ေရႊဓားဆြဲ လူမိုက္ႀကီး ငပိုက္ ဆိုသူကို ႀကိဳတင္လႊတ္ထားၿပီး ျဖစ္သည္။ သို႔ႏွင့္ တပါးတည္းထြက္ေျပးလာေသာ မင္းတုန္းမင္းႀကီး ႏွင့္ လူမိုက္ငပိုက္ႀကီးတို႔ ေတြ႕ၾကေလသည္။ ငပိုက္ ႀကီးအား လုပ္ႀကံဖို႔ေစခိုင္းထားေသာ္လည္း ရင္ဆိုင္ေတြ႕သည့္အခ်ိန္တြင္မူ ငပိုက္ႀကီးသည္ ထိုအေၾကာင္းကိုေမ့သြားသည္။ မင္းတရားႀကီးကို ေၾကာက္လန္႔ၿပီး ဓားကိုလႊတ္ခ်ကာ အရိုအေသေပးသည္။ မင္းတုန္းမင္းႀကီးက “ေမာင္မင္းငါ့အမႈေတာ္ကို ထမ္းရမည္” ဟု ဆိုလိုက္ၿပီး သူ႔အားေပြ႕ေခၚေစပါတယ္။ ငပိုက္ႀကီးလည္း ခ်က္ခ်င္းပင္ မင္းတုန္းမင္းကို ေပြ႕ကာ ထိုေနရာမွ အလၽွင္အျမန္ထြက္ခဲ့ေလသည္။

လမ္းတြင္ စကုမင္းသား၏ျမင္းထိန္းေမာင္ၿမိဳ႕ စီးလာသည့္ျမင္းကို ေတာင္းယူကာ မင္းတုန္းမင္းကို ျမင္းေပၚသို႔ ေျပာင္းတင္သည္။ ေရႊၿမိဳ႕ေတာ္ေျမာက္ဘက္ မန္းဦးတံခါးမွ အတြင္းသို႔ဝင္ၾကသည္။ မင္းတုန္းမင္းက ငပိုက္ႀကီးအား “သြားလိုက သြား ၊ ေနလိုကေန” ဟု မိန္႔ရာ ငပိုက္ႀကီးက သူ႔သခင္ျမင္ကြင္းျမင္းခုန္တိုင္တို႔ အေရးသာမည္ ထင္မွတ္ကာ ျပန္လည္ထြက္ခြာသြားခဲ့သည္။
ငပိုက္ႀကီးသည္ ျမင္ကြင္းမင္းသားရွိရာသို႔ အေျပးအလႊားေရာက္လာသည္။ ငပိုက္ႀကီးေၾကာင့္ မင္းတုန္းမင္းႀကီး လြတ္ေျမာက္သြားေၾကာင္း သိၿပီးသူ ျမင္ကြန္းမင္းသားက-
“ဟဲ့ ငပိုက္ႀကီး ခမည္းေတာ္ ဘယ္မွာစံေတာ္မူသလဲ”
ငပိုက္ႀကီးက
“ေရႊနန္းေတာ္ႀကီး၌ စံေတာ္မူလၽွက္ရွိေၾကာင္းပါ”
ျမင္ကြန္းမင္းသား အမ်က္ျပင္းစြာထြက္သြားၿပီး
“ေပး နင့္ေခါင္း ” ဟု ေျပာေျပာဆိုဆိုပင္ ငပိုက္ႀကီး၏ ဦးေခါင္းကို ျဖတ္ခ်လိုက္ေလသည္။
မင္းတုန္းမင္းအတြက္ ဦးေခါင္းေပးလိုက္ရသူ ငပိုက္ႀကီးပင္။

Ref:
ရတနာပုံ၏ နိဒါန္း ႏွင့္ နိဂုံး – ဒဂုန္ခင္ခင္ေလး
ျမန္မာ့သမိုင္းထဲမွ အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန္႔
ျမန္မာ့စြယ္စုံက်မ္း

 


 

မင်းတုန်းမင်းအတွက် ဦးခေါင်းပေးလိုက်ရသူ (unicode)

မင်းတုန်းမင်းလက်ထက် အကြီးကျယ်ဆုံးအရေးအခင်းဟု ဆိုပါက မြင်ကွင်း မြင်းခုံတိုင် နန်းတွင်းပုန်ကန်မှုကို ဆိုရပါလိမ့်မည်။ ထိုပုန်ကန်မှုတွင် မြန်မာနိုင်ငံအတွက် အလွန်အားထားရသည့် အိမ်ရှေ့စံကနောင်မင်းသားကြီးနှင့် အတူ အခြားမှူးမတ်များစွာလည်း ကျဆုံးခဲ့သည်။ မင်းတုန်းမင်းကြီးတောင်မှ ကပ်သီလေး လွတ် မြောက်ခဲ့ရတာဖြစ်သည်။
အိမ်ရှေ့မင်းကိုလုပ်ကြံပြီးနောက် မြင်ကွင်း မြင်းခုန်တိုင်တို့သည် မင်းတုန်းမင်းကြီးပါ လုပ်ကြံရန် ယာယီစံနန်းသို့ ရောက်ရှိလာခဲ့သည်။ ထိုအခါ အနားတွင် ခစားလျက်ရှိသော ကင်းဝန်မဟာ မင်းလှဇေယျသူက “သားတော် မြင်ကွင်း မြင်းခုန်တိုင်တို့မှာ ရန်သူတော်များဖြစ်ကြောင်းပါ ဘုရား” ဟု လျှောက်တင်ပြီး ခမည်းတော်ကို လုပ်ကြံရန်ပြေးဝင် လာသော မြင်းခုံတိုင်မင်းသားအား ရှေ့မှဆီး၍ ဖက်ထားပြီး ‘ခမည်းတော်ကို မကြံစည်သင့်ပါဘုရား’ ဟု ပြောဆိုတောင်းပန်နေချိန်တွင် မင်းတုန်းမင်းကြီးမှာ ထွက်ပြေးလွတ် မြောက်သွားခဲ့သည်။ မင်းလှဇေယျသူမှာကား ထိုနေရာတွင်ပင် သတ်ဖြတ်ခံလိုက်ရသည်။
မြင်ကွင်းမြင်းခုန်တိုင်တို့မှာ အကြံအစည်ရှိပြီးဖြစ်၍ မတော်တဆ ခမည်းတော်လွတ်မြောက်ခဲ့ပါက ထပ်မံလုပ်ကြံနိုင်ရန် စံနန်းတော်ပတ်လည်တွေ ၎င်းတို့၏ လူယုံ ရွှေဓားဆွဲ လူမိုက်ကြီး ငပိုက် ဆိုသူကို ကြိုတင်လွှတ်ထားပြီး ဖြစ်သည်။ သို့နှင့် တပါးတည်းထွက်ပြေးလာသော မင်းတုန်းမင်းကြီး နှင့် လူမိုက်ငပိုက်ကြီးတို့ တွေ့ကြလေသည်။ ငပိုက် ကြီးအား လုပ်ကြံဖို့စေခိုင်းထားသော်လည်း ရင်ဆိုင်တွေ့သည့်အချိန်တွင်မူ ငပိုက်ကြီးသည် ထိုအကြောင်းကိုမေ့သွားသည်။ မင်းတရားကြီးကို ကြောက်လန့်ပြီး ဓားကိုလွှတ်ချကာ အရိုအသေပေးသည်။ မင်းတုန်းမင်းကြီးက “မောင်မင်းငါ့အမှုတော်ကို ထမ်းရမည်” ဟု ဆိုလိုက်ပြီး သူ့အားပွေ့ခေါ်စေပါတယ်။ ငပိုက်ကြီးလည်း ချက်ချင်းပင် မင်းတုန်းမင်းကို ပွေ့ကာ ထိုနေရာမှ အလျှင်အမြန်ထွက်ခဲ့လေသည်။
လမ်းတွင် စကုမင်းသား၏မြင်းထိန်းမောင်မြို့ စီးလာသည့်မြင်းကို တောင်းယူကာ မင်းတုန်းမင်းကို မြင်းပေါ်သို့ ပြောင်းတင်သည်။ ရွှေမြို့တော်မြောက်ဘက် မန်းဦးတံခါးမှ အတွင်းသို့ဝင်ကြသည်။ မင်းတုန်းမင်းက ငပိုက်ကြီးအား “သွားလိုက သွား ၊ နေလိုကနေ” ဟု မိန့်ရာ ငပိုက်ကြီးက သူ့သခင်မြင်ကွင်းမြင်းခုန်တိုင်တို့ အရေးသာမည် ထင်မှတ်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ငပိုက်ကြီးသည် မြင်ကွင်းမင်းသားရှိရာသို့ အပြေးအလွှားရောက်လာသည်။ ငပိုက်ကြီးကြောင့် မင်းတုန်းမင်းကြီး လွတ်မြောက်သွားကြောင်း သိပြီးသူ မြင်ကွန်းမင်းသားက-
“ဟဲ့ ငပိုက်ကြီး ခမည်းတော် ဘယ်မှာစံတော်မူသလဲ”
ငပိုက်ကြီးက
“ရွှေနန်းတော်ကြီး၌ စံတော်မူလျှက်ရှိကြောင်းပါ”
မြင်ကွန်းမင်းသား အမျက်ပြင်းစွာထွက်သွားပြီး
“ပေး နင့်ခေါင်း ” ဟု ပြောပြောဆိုဆိုပင် ငပိုက်ကြီး၏ ဦးခေါင်းကို ဖြတ်ချလိုက်လေသည်။
မင်းတုန်းမင်းအတွက် ဦးခေါင်းပေးလိုက်ရသူ ငပိုက်ကြီးပင်။

Ref:
ရတနာပုံ၏ နိဒါန်း နှင့် နိဂုံး – ဒဂုန်ခင်ခင်လေး
မြန်မာ့သမိုင်းထဲမှ အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top